International News

ဈေးနှုန်းများ တဟုန်ထိုးတက်နေသည့် သြစတြေးလျ လယ်ယာမြေများကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ စိတ်ဝင်စားမှုလျော့နည်းနေခြင်း

Last Updated:

ဩစတြေးလျနိုင်ငံ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပြန်လည်သုံးသပ်ရေးဘုတ်အဖွဲ့ (The Foreign Investment Review Board -FIRB) သည် ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း သြစတြေးလျ စိုက်ပျိုးမွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနှင့် သစ်တောကဏ္ဍတွင် အဆိုပြု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဩစတြေးလျဒေါ်လာ ၅.၈ ဘီလီယံဖိုးကို အတည်ပြုခဲ့ပြီး၊ ယခင် ၂၀၁၉- ၂၀၂၀ဘဏ္ဍာနှစ်ကမူ ဩစတြေးလျဒေါ်လာ ၈.၃ဘီလီယံရှိခဲ့ကြောင်း သိရှိရသည်။

 

ယင်းသို့ သိသာစွာကျဆင်းရခြင်းအကြောင်းမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ရိုက်ခတ်မှုဖြစ်ကြောင်း သိရှိရသည်။ ကူးစက်ရောဂါပျံ့နှံ့မှုကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှာ ကမ္ဘာတဝှမ်း လွတ်လပ်စွာရွှေ့ပြောင်းသွားလာရန် မစွမ်းဆောင်နိုင်ခြင်းကြောင့် ပိုင်ဆိုင်မှုများကို စစ်ဆေးရန်မှာ ကြီး မားသော အကျိုးသက်ရောက်မှုရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ အတည်ပြုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များ ကျဆင်းခြင်း၏ နောက်ကွယ်တွင် အခြားသော အဓိကအကြောင်းအရင်းမှာ စျေးနှုန်းများ တဟုန်ထိုးတက်နေသည့်ကြားတွင် ကမ်းလှမ်းထားသည့် လယ်ယာမြေများ မရှိခြင်းကြောင့် လည်း ဖြစ်သည်။

သြစတြေးလျ စိုက်ပျိုးမွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနှင့် သစ်တောကဏ္ဍများတွင် အမေရိကန်နိုင်ငံမှ ရင်းနှီးမြုပ်နှံသူများသည် အစဉ်မပြတ်အရေးပါ သော ရင်းနှီးမြှုပ်နှံသူများဖြစ်ပြီး၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဩစတြေးလျဒေါ်လာ ၈၇၄.၇ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက် များဖြင့် ကနေဒါနိုင်ငံမှ ရင်းနှီးမြုပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဩစတြေးလျဒေါ်လာ ၈၁၈.၅ သန်းထက် နှာတဖျားသာကာ အတည်ပြုနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများစာရင်းတွင် ထိပ်ဆုံးနေရာကို ရယူသွားခဲ့သည်။ တရုတ်နိုင်ငံမှ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များသည် ဩစတြေးလျ ဒေါ်လာ ၆၄၅ . ၅ သန်းဖြင့် နံပါတ် ၃ နေရာတွင် ရပ်တည်ခဲ့သည်။

 

FIRB ၏ ၂၀၂၀-၂၀၂၁ ခုနှစ်ပတ်လည် အစီရင်ခံစာတွင် စိုက်ပျိုးရေး၊ သစ်တောနှင့် လယ်ယာကဏ္ဍသည် အခြားကဏ္ဍများနှင့် နှိုင်းယှဉ်ပါက တန်ဖိုး အားဖြင့် အဆိုပြု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ အနိမ့်ဆုံးအဆင့်ကို (၄) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။ အတည်ပြုထားသည့် စိုက်ပျိုးရေး၊ သစ်တောနှင့် လယ်ယာကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုသည် ဩစတြေးလျဒေါ်လာ ၈၂ ဘီလီယံ တန်ဖိုးရှိ စီးပွားဖြစ် အိမ်ခြံမြေကဏ္ဍနှင့် ဩစတြေးလျဒေါ်လာ ၇၆ ဘီလီယံ တန်ဖိုးရှိ ဝန်ဆောင်မှုကဏ္ဍတို့နောက်သို့ ရောက်နေကြောင်း သိရှိရသည်။

 

ဩစတြေးလျစိုက်ပျိုးမြေ၏ နိုင်ငံခြားပိုင်ဆိုင်မှုသည် အကဲဆတ်သော နိုင်ငံရေးဆိုင်ရာ အကြောင်းအရာတစ်ခုဖြစ်ပြီး၊ ဩစတြေးလျလယ်ယာမြေ တစ်ခုအတွက် ကမ်းလှမ်းမှုမပြုလုပ်မီ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် လျှောက်လွှာကြေးပေးဆောင်ရမည်ဖြစ်သည်။ ပိုင်ဆိုင်မှုတန်ဖိုး ၂ သန်းနှင့် ယင်းအောက်ပမာဏအတွက် လျှောက်လွှာကြေးမှာ ဩစတြေးလျဒေါ်လာ ၆,၃၅၀ မှစတင်ပြီး၊ ပိုင်ဆိုင်မှုတန်ဖိုး သန်း ၈၀ အထက်အတွက် လျှောက် လွှာကြေးမှာ အမြင့်ဆုံး ဩစတြေးလျဒေါ်လာ ၅၀၃,၀၀၀ အထိ ပေးဆောင်ရကြောင်း သိရှိရသည်။

 

သြစတြေးလျ လယ်ယာမြေစုစုပေါင်းတန်ဖိုး ဒေါ်လာ ၁၅ သန်းထက်ကျော်လွန်၍ မည်သည့်စိုက်ပျိုးမြေကိုမဆို ဝယ်ယူလိုသည့် နိုင်ငံခြားဝယ်သူများ သည်လည်း FIRB ၏ စိစစ်မှုအောက်တွင် ရှိနေသည်။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှစတင်၍ စိုက်ပျိုးမြေတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအားလုံးကို သြစတြေးလျအခွန်ရုံးမှ မှတ်ပုံတင်ထားသည့်စာရင်းတွင် ထည့်သွင်းထားပြီး၊ အဆိုပါစာရင်းကို လူသိရှင်ကြားထုတ်ပြန်ခြင်းမရှိကြောင်း သိရှိရသည်။+

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News